USDT အကြောင်း

Nyein Chan Ko Ko
3 min readFeb 29, 2024

USDT အကြောင်းကို ရေးမယ်ဆိုပြီး.. ကိုယ့်ကိုယ်ကို တွန်းအားပေးထားတာ တကယ် ရေးမယ်ဆိုတော့ သိပ်မကျန်တော့ဘူး။

သူများတွေက တော်တော်စုံအောင်ရေးပြီးသွားပြီ။​ ဒါကြောင့် မတူတဲ့ ရှု့ထောင့်ကနေ ပြောင်းရေးကြည့်မယ်

#Hot_issue

အရင်ဆုံး NUG ကနေ USDT ကို ပြည်တွင်းသုံးစွဲမှု အတွက် တရားဝင်အသိအမှတ် ပြုတယ်ဆိုတဲ့စကားကို စဉ်းစားကြည့်တယ်။

အဲဒီကြေညာချက်ထွက်တော့ .လူတွေက မြန်မာငွေ ကို အစားထိုးတော့မလား ဆိုပြီး ပြောကြသလို၊​Reddit မှာလည်း.. ဘာကြောင့် တကယ့်ကို Shit ဖြစ်နေတဲ့ USDT ကိုမှ ရွေးပြီး အသိအမှတ်ပြုသလဲ ဆိုပြီး လောင်ကြတာပေါ့လေ။

ကြေညာချက်အောက်ဆုံးမှာအမိန့်ကြေညာချက် ၉/၂၀၂၀ ကို အခု အသစ်နဲ့ အစားထိုးလိုက်တယ်ဆိုတာပါတယ်။

တကယ်တမ်းက USDT ကိုလက်ခံတာထက်စာရင် Crypto ကို အသုံးပြုခြင်းကို NUG ဘက်ကတရားဝင်ပါတယ်ဆိုပြီး ပြောလိုက်တာလို့ပဲ​ကျနော်ကတော့ မြင်တယ်။

အရင်တုန်းကတည်းက Crypto လောကက scam လို့ခေါ်တဲ့ လိမ်ညာမှု တအားပေါပါတယ်။ ကောင်းကောင်း Regulate လုပ်ထားတာမရှိ၊ ဗဟိုထိန်းချုပ်ထားတာမရှိတော့ တခုခု အလိမ်ခံရရင် ဘာမှ လုပ်လို့မရဘူး။ ဒါကြောင့် ပဲ​မနှစ်က လူတွေ ကိုမသုံးဖို့ ကြေညာခဲ့တာဖြစ်နိုင်တယ်။

အခုချိန်ကျတော့ ဘဏ်အကောင့်တွေ အကြောင်းပြချက်မရှိပဲ ပိတ်ခံရတာတွေလည်းများလာတယ်။ မြန်မာငွေကလည်းစိတ်မချရ၊ နိုင်ငံတကာ ငွေလွှဲတွေလည်း အဆင်မပြေဆိုတော့

ဒါကို ထွက်ပေါက်တစ်ခုအနေနဲ့ ဖွင့်ပေးလိုက်တယ်လို့ထင်ပါတယ်။

#what_is_usdt

အဲတော့ USDT ဆိုတာဘာလဲ ၊ခရစ်ပတိုဆိုတာ ဘာလဲဆိုတာ ပြန်ရှင်းပြဖို့လိုပါတယ်။ တော်တော်များများလည်းသိပြီးသားဖြစ်မှာပါ။

ခရစ်ပတို ငွေကြေးဆိုတာ၊ အပြင်မှာလက်ဆုပ်လက်ကိုင်ပြလို့မရတဲ့ ..ကိန်းဂဏန်းတွေနဲ့ပဲ ဖော်ပြလို့ရတဲ့ ..ဒီဂျစ်တယ်ငွေကြေးတစ်ခုပါ။ သူ့ ဆီမှာတော့ အမျိုးအမည်တွေအများကြီးရှိသလို ။ ခရစ်ပတိုလောကရဲ့ နောက်ကွယ်မှာလည်ပတ်နေတဲ့ ငွေကြေးပမာဏကလည်း Dec 10 ရက်နေ့က ဖော်ပြချက်အရဆိုရင် USD 2.3 trillion လောက်ရှိပါတယ်။ အဲဒီငွေကြေးတွေက USDT တခုထဲဆီမှာရှိတာတော့မဟုတ်ပါဘူး။ အခြားကွိုင်တွေဖြစ်တဲ့ Bitcoin တို့ Ether တို့ နဲ့အခြားနာမည်မျိုးစုံရှိတဲ့ကွိုင်တွေဆီမှာ ပြန့်ကျဲရောက်ရှိနေတာပါ။

USDT တို့လိုမျိုးကွိုင်ကို Stable Coin အပြောင်းအလဲ မရှိတဲ့ တည်ငြိမ်တဲ့ကွိုင်လို့ခေါ်ကြတယ်။ သူပြောတဲ့ တည်ငြိမ်တဲ့ ဆိုတဲ့စာလုံးက နည်းနည်း တာစားတယ်။ သူက 1 USDT ကို 1USD နဲ့တန်ဖိုးချင်းတူပါတယ်ဆိုပြီး အာမခံထားတာ။​ ဒါကြောင့်လည်း USDT ကို Cryptocurrency ရဲ့ဘယ်နေရာမှာဖြစ်ဖြစ် သုံးကြတယ်။ သူက Circulation supply က USD 76 Billions လောက်ကိုရှိတယ်။ မြန်မာကျပ်ငွေရဲ့ လည်ပတ်နေတဲ့ စုပေါင်းတန်ဖိုးတောင်မှ ၂၀၂၁ ဇန်နဝါရီလက USD 56 Billions လောက်ပဲရှိတာ။ USDT ကဘယ်နေရာမှာသုံးရလဲဆိုတော့ အကယ်၍ လူတစ်ယောက်ယောက်က Bitcoin ဘစ်ကွိုင် ဝယ်ချင်တယ်ဆိုပါစို့ ။​ သူ့ဆီမှာရှိနေတဲ့ ငွေကြေးကို USDT အရင်ဝယ်ရတယ်။ မြန်မာကျပ်ငွေဆိုရင် အခု USDT 1920 လောက်တန်ဖိုးရှိမယ်ထင်တယ်။ အဲဒီ USDT ရလာတော့မှ ကိုယ်စိတ်ဝင်စားတဲ့ ကွိုင် or တိုကင်ကို ဝယ်လို့ရတယ်။ (တိုကင်အကြောင်းကို ရှုပ်မှာစိုးလို့ အခုထည့်မပြောတော့ပါဘူး )

Stable Coin ဆိုတာတွေမှာ USDT အပြင်အခြားသော , USDC , DAI တို့တွေလည်းရှိကြတယ်။ သူတို့တန်ဖိုးတွေကလည်း 1USD နဲ့တန်ဖိုးတူပါပဲ။ မတူတဲ့အချက်ကတော့ အဲဒီ Stable Coin တွေကို အာမခံ ထောက်ပံ့ပေးထားတဲ့ အဖွဲ့အစည်းတွေပဲ။ သူတို့တွေက Stable coin 1 ခုထုတ်တိုင်း၊ အပြင်မှာ တကယ့် 1USD ကို အာမခံအနေနဲ့ သိမ်းပေးထားရတယ်။ ကျန်တဲ့ကွိုင်တွေက သူတို့ အဲလို သိမ်းထားကြောင်း သက်သေပြနိုင်ပေမယ့် USDT က နည်းနည်း ရှော့ရှိတယ်။ သူက 2.6% သော USD ကိုပဲ တကယ် Reserve အနေနဲ့ သိမ်းပေးထားတယ်။ တကယ်သူလက်ဆုပ်လက်ကိုင်ပြနိုင်တာက ငွေကြေး၊ ငွေကြေးနဲ့တန်ဖိုးတူတဲ့အရာတွေ၊ ချေးငွေတွေ၊ ဘွန်းတွေနဲ့အခြား ရင်းနှီးမြုပ်နှံမှုတွေပဲ။ အကယ်၍ သာရှိသမျှ လူတွေအားလုံးက USDT ကနေ USD ကိုပြိုင်တူပြန်ပြောင်းကြမယ်ဆိုရင်.. သူ့ဆီမှာ ပြန်ထုတ်ပေးစရာ ငွေအလုံအလောက်မရှိဘူး ။​​ ​ဒီပြဿနာကိုပြောလာကြတာနှစ်ချီနေပါပြီ။​ဒါပေမယ့်လည်း အခုထိ USDT က Crypto လောကမှာ ပန်းပန်နေတုန်းပဲ၊​ နံပါတ် ၄ နေရာမှာ ရှိနေတုန်းပဲ။ သူ ပြိုရင်.. Crypto market တခုလုံး ဝက်ဝက်ကွဲ ကျမှာလို့ပဲ ကျနော်ကတော့မြင်ပါတယ်။ USDT ကလည်းအဲလိုအဖြစ်ခံမှာမဟုတ်ဘူးလို့ပဲ မရဲတရဲ ယုံထားပါတယ်။

ဒါကြောင့် USDT နဲ့ ပတ်သက်လာရင် အပေါ်မှာပြောသွားတဲ့ Risk ကိုတော့ မသိမဖြစ် သိထားဖို့လိုပါတယ်။

#Effect_on_Crypto_world

အခုကြေညာချက်ထွက်လာတော့ လက်ရှိ လည်ပတ်နေတဲ့ မြန်မာ Crypto လောကမှာ ဘာသွားဖြစ်နိုင်သလဲ။ အရင်ဆုံးတော့ USDT စျေးက ချက်ချင်းတက်သွားပါတယ်။ တက်ရတဲ့အကြောင်းက Supply ကနည်းပြီး Demand တက်လာလို့ပါ။ မြန်မာနိုင်ငံတွင်းမှာ. USDT ကိုရနိုင်တဲ့ နေရာက Binance ရဲ့ P2P Market တစ်ခုပဲရှိပါတယ်။ Debit cardနဲ့လည်း ဝယ်လို့မရပါဘူး။ Credit Card နဲ့လည်း ဝယ်လို့မရပါဘူး။ အရင်ကရခဲ့ပေမယ့် အာဏာသိမ်းတော့ .. ဘာမှမရတော့ပါဘူး။ P2P market ထဲမှာ မြန်မာကျပ်ငွေနဲ့ဝယ်လို့ရပါတယ်။ မြန်မာတွေရှိသလို Vietnam တွေလည်း မြန်မာဘဏ်အကောင့်နဲ့ ရောင်းနေကြတာရှိပါတယ်။ USDT က USD နဲ့တန်ဖိုးတူတယ်ဆိုပေမယ့်လို့ အပြင် Exchange တွေမှာပေါက်တဲ့ USD စျေးနဲ့တော့ USDT ဝယ်လို့မရပါဘူး။ USD ကနေ USDT အဖြစ်ပြောင်းဖို့ အဆင့်ဆင့် ဖြတ်ရတဲ့ transaction တွေရှိတယ်။​ ကုန်ကျစားရိတ်တွေရှိပါတယ်။ အဲဒါတွေကို ထပ်ပေါင်းထည့်ပြီးမှ USDT တန်ဖိုးတစ်ခုကထွက်လာတာပါ။ ပုံမှန်အားဖြင့် အပြင်စျေးနဲ့ 10, 20 လောက်ကနေ 100 လောက်ထိ ကွာလေ့ရှိပါတယ်။ အဲမှာရောင်းနေတဲ့သူတွေက စိတ်ချရသလားမေးရင်. Binance ရဲ့ ပလက်ဖောင်းပေါ်ကနေ ဝယ်နေသရွေ့ ရောင်းသူဝယ်သူ မသမာလုပ်လို့မရပါဘူး ။ တခုခု ပြဿနာတက်ရင် Binance customer service ကနေ ကြားဝင်လေ့ရှိပါတယ်။

အဲ.. အပြင်မှာ Messenger တို့ telegram တို့ကနေ စျေးလျှော့ပေးမယ် တို့စျေးပိုပေးမယ်တို့ပြောပြီး Binance ကနေ လွှဲခိုင်း ပြီး ဝယ်လို့ရောင်းလို့ အလိမ်ခံရရင်တော့ ဘယ်ဘုရားမှ မကယ်နိုင်ပါဘူး။ ရေစက်သာချလိုက်ယုံပါ။​ ကိုယ်ယုံကြည်စိတ်ချသူဆိုရင်တော့ Binance ကနေ အကောင့် to အကောင့် fee တပြားမှ ပေးစရာမလိုပဲလွှဲနိုင်ပါတယ်။

#Scam

နောက်တခုကတော့ Scam ၊Crypto လူလိမ်တွေ မဟားတရားပေါလာနိုင်ကြောင်းပါ။

လိမ်ပုံလိမ်နည်းတွေကတော့ Binance နာမည်သုံးပြီးလိမ်နိုင်တယ်။

ကွိုင်အလကားရမယ်ဆိုပြီး.. ကြော်ငြာကြည့်ခိုင်းပြီးလိမ်နိုင်တယ် ။

USDT ထည့်ပေးမယ်ဆိုပြီးကိုယ့်အကောင့်ရဲ့ အချက်အလက်တွေသိသွားပြီး လိမ်နိုင်တယ်။

နာမည်ဆင်တူ၊ တပြားမှမတန်တဲ့ကွိုင်တွေသုံးပြီး လိမ်နိုင်တယ်။

Website link တွေ ကိုဝင်ခိုင်းပြီး တစ်ပတ်ပြည့်ရင် 1 Bitcoin ရမယ်လို့ပြောပြီးလိမ်နိုင်တယ်။

ကူညီမယ်ဆိုပြီးလည်း လိမ်နိုင်တယ်။ အများကြီးပါပဲ။ ပြောမဆုံးနိုင်ဘူး။

#Freeze

တစ်ဖက်မှာလည်း. လက်ရှိ ရောင်းဝယ်နေသူတွေအတွက် လုပ်ရကိုင်ရပိုခက်သွားပါတယ်။ စကစ က ခရစ်ပတိုဘက်ကို မဲလာနိုင်လို့ပါ။ သူတို့မဲလာရင် ဘာလုပ်မလဲဆိုတော့ နာမည်ထွက်တဲ့ မြန်မာနိုင်ငံထဲက ခရစ်ပတို လုပ်နေတဲ့သူတွေကို လိုက်ဆွဲစိနိုင်ပါတယ်။ Crypto နဲ့ပတ်သက်နေတဲ့ ဘဏ်အကောင့်တွေ Freeze နိုင်ပါတယ်။ USDT ကို ဝင်လမ်းထွက်လမ်းအကုန် ပိတ်ချနိုင်ပါတယ်။ ဒါပေမယ့်လည်း နည်းလမ်းတွေကတော့ အမြဲရှိနေမှာပါပဲ။ Crypto လူတွေ ဂရုအရမ်းစိုက်သင့်ပါတယ် ။

#Wrong_address

တခါတလေကျတော့ လိမ်တာလည်းမဟုတ်ပေမယ့်.. ကိုယ့်ရဲ့ မကျွမ်းကျင်မှု နားမလည်မှုကြောင့် လည်း ဆုံးရှုံးနိုင်ပါတယ်။

ဥပမာ တစ်ခုပြောရရင် ငွေမှားလွှဲမိတာပါ။ USDT ကို တစ်နေရာက တစ်နေရာကိုလွှဲမယ်ဆိုရင် နည်း၂ခုရှိပါတယ်။

တစ်ခုကတော့ exchange ပေါ်ကနေ အချင်းချင်းလွှဲတာပါ။ သူက KPay လိုမျိုးအချင်းချင်းလွှဲတာနဲ့တူပါတယ်။ များသောအားဖြင့် Exchange တခုပေါ်ကနေ အချင်းချင်းလွှဲတာက Fee မပေးရပါဘူး။ လွှဲဖို့ Account ID သို့မဟုတ် Email address လေးပဲလိုပါတယ်။​ အကယ်၍​အကောင့်ရှာမတွေ့ရင်မရှိရင် လွှဲလို့မရပါဘူး။ ကိုယ်လွှဲချင်တဲ့ပိုက်ဆံက ကိုယ့်ထဲမှာပဲရှိပါတယ်။

နောက်တစ်ခုကတော့ Wallet to Wallet လွှဲတာပါ။​

သူကတော့ တစ်ကမ္ဘာလုံးမှာရှိတဲ့ ဘဏ်ပေါင်းစုံကိုလွှဲတာနဲ့တူပါတယ်။ Exchange တွေပေါ်မှာတော့ ဒါကို Withdrawal ဆိုပြီး ခေါ်ပါတယ်။ Binance exchange ကနေ Kucoin exchange ကိုလွှဲတာဖြစ်စေ၊ Metamask တို့ Pancakeswap တို့ကို လွှဲတာဖြစ်စေ၊ ကြိုက်တဲ့ wallet ကိုလွှဲလို့ရပါတယ်။​USDT ကိုလွှဲမယ်ဆိုရင် ဘယ်လောက်လွှဲလွှဲ အနိမ့်ဆုံး 1USDT ကျသင့်ပါတယ်။ ဒါကြောင့် USDT 1 သန်းလွှဲရင်လည်း 1 USDT ပဲကျသလို 10 USDT လွှဲရင်လည်း 1USDT ပဲကျလို့ အရမ်းအဆင်ပြေပါတယ်။

မိနစ်ပိုင်းအတွင်း တစ်ဖက်ကို ငွေရောက်ရှိပါတယ်။

Wallet ဆိုတာ ပိုက်ဆံအိတ်ပါ။​သူ့ဆီမှာ Address လို့ခေါ်တဲ့ လိပ်စာတွေပါပါတယ်။ လိပ်စာတွေက ကွိုင်တခုစီအတွက် သီးသန့်လိပ်စာတစ်ခုစီရှိပါတယ်။ သူတို့တွေက အလွတ်မှတ်လို့မရတဲ့ ဂဏန်းအရှည်ကြီးတစ်ခုဖြစ်ပါတယ်။ တချို့ကတော့ အဆင်ပြေအောင် QR Code အဖြစ်ပြောင်းပြီး Wallet ကို Share ကြပါတယ်။

ပြီးတော့ တစ်ဖက်ကနေ တစ်ဖက်ကိုလွှဲလိုက်ပါတယ်ဆိုတဲ့ transaction history ကို https://etherscan.io မှာ သွားကြည့်လို့ရပါတယ်။​ Blockchain လို့ခေါ်တဲ့အတွက်ကြောင့် Transaction တိုင်းဟာ လူတိုင်းကြည့်လို့ရပါတယ်။ ဒါကြောင့် ဘယ်သူပိုင်တဲ့ address ထဲကို ငွေဘယ်လောက်ဝင်သွားလဲဆိုတာမျိုးကို ကျနော်တို့ ရိုက်မေးစရာမလိုအောင် အဲမှာပြထားပြီးသားပါ။ ဒါပေမယ့် ပြဿနာတစ်ခုရှိပါတယ်။ မှားလွှဲရင် ပြန်လိုက်ဖို့အတော်ခက်ပါတယ်။ ပိုင်ရှင်လွဲမှားပြီး ရောက်သွားတာမျိုးဖြစ်နိုင်သလို၊ ဘယ်သူမှဖွင့်ကြည့်လို့မရတဲ့ address ကိုလည်းရောက်သွားနိုင်ပါတယ်။ Network မှားလွှဲမိတာမျိုးလည်း ဖြစ်နိုင်ပါသေးတယ်။ အဲဒီလိုဖြစ်ခဲ့တယ်ဆိုရင်တော့ .. ဘယ်ဟက်ကာမှ မကယ်နိင်ပါဘူး ..

#Suggestion

ပြောတာတွေလည်းတအားများသွားပြီ.. အဲတော့ ဘာလုပ်ရမလဲ မေးရင်။

USDT ကိုအသည်းအသန်လိုက်ဝယ်ဖို့မလိုပါဘူး။ NUG ပြောတဲ့အတိုင်းလုပ်မယ်ဆိုရင် ..USDT ကို တခြားသော ပြည်တွင်းမှာလည်ပတ်နေတဲ့ နိုင်ငံတကာ ငွေကြေးတွေလိုပဲ သူတို့ခွင့်ပြုတယ်ဆိုတာ ပြောတာပါ။ အဲ စကစ ကတော့ သေချာပေါက်လိုက်တွယ်လိမ့်မယ်။ သူတို့တွေ Bitcoin တူး Etherum တူးနေတယ်ဆိုတဲ့ သတင်းကလည်း သဲ့သဲ့ ထွက်နေတာ အတော်ကြာပြီဆိုတော့ ၊​ မပြောနိုင်ဘူး P2P ရောင်းဝယ်နေတဲ့သူတွေထဲမှာ သူတို့ ကိုယ်တိုင်တောင် ပါကောင်းပါနိုင်တယ်။

အကယ်၍ ကိုယ် USD မကိုင်ပဲ USDT ကိုင်ထားမယ်ဆိုရင်လည်းရပါတယ်။ ရေရှည်ကိုင်မယ်ဆိုရင်တော့ ကျနော်က BUSD တို့။ DAI.တို့လိုမျိုးကို ပြောင်းကိုင်ထားဖို့ အကြံပေးချင်ပါတယ်။

သူတို့တွေကို အချင်းချင်းလဲလို့ရပါတယ်။ transaction fee ကတော့ အနည်းအကျဉ်းရှိနိုင်တယ်။

နောက်တခုကတော့ ဘဏ်အကောင့်တွေပိတ်ခံရလို့ သုံးစရာ ဘဏ်မရှိသူတွေ Binance ကနေ USDT နဲ့ ငွေလွှဲတာ လက်ခံတာတွေကို ပြောင်းသုံးလို့ရပါတယ်။ နှစ်ဖက်စလုံး လက်ခံတယ်ဆိုရင် အလုပ်ဖြစ်ပါတယ်။

နောက်များမှ ထပ်ရေးပါဦးမယ်။

Dec 13 2021.

--

--

Nyein Chan Ko Ko

Medical doctor ,Seasoned programmer, Data enthusiast . Interested in AI, blockchain, politics , health. MB,.BS, MSc Healthcare Informatics